ရွှေပန်းတိမ် လုပ်ငန်းခွင်

Filed under: by: ***Chan Chan*** (Mg Mine)

ချန်းချန်းလုပ်ကိုင်ခဲ့တဲ့ ရွှေပန်းတိမ် (ကြိုးလိုင်း) ဟာ အင်မတန်မှ ပုံသေဆန်လှပါတယ်...
အရင်ဆုံး ဖိုရှင်ဆီကနေ အလုပ် လက်ခံယူရပါတယ်... ဖိုရှင်က ၁ ကျပ်သား ကြိုးတကုံးအတွက် ရွှေတကျပ်နဲ့ အပိုရွှေ ၂ ပဲလောက်ပေးလေ့ရှိပါတယ်... ချန်းချန်းတို့က ပိုတဲ့ ရွှေ၂ ပဲကို အစိုက်ရွှေလို့ခေါ်ပါတယ်... ရလာတဲ့ရွှေတုံးလေးကို မည်သည့်ကြိုးပဲလုပ်လုပ် အရင်ဆုံးနန်းကြိတ်ရပါတယ်... ချန်းချန်းပညာသင်ခဲ့တဲ့ ဖိုမှာ တော့ နန်းကို မော်တာသုံးတဲ့ စက်နဲ့ရော လက်နဲ့ပါလှည့်ကြိတ်နိုင်ဖို့ စီစဉ်ပေးထားပါတယ်... ကြိုး ဖိုတစ်ဖိုအတွက် နန်းကြိတ်စက်က အခရာဖြစ်ပါတယ်... ချန်းချန်းပညာသင်စက တူကို သုံးပြီး နန်းထုခဲ့တာကစခဲ့ရပါတယ်... စက်ကိုသုံးတဲ့အတွက် မြန်ဆန်သက်သာပါတယ်... ရာလာတဲ့ နန်းချောင်းကို ကာဗိုက်နန်းပြင်တွေသုံးပြီးနန်းဆွဲရပါတယ်... မိမိလုပ်မယ်ကြိုးပေါ်မှာမူတည်ပြီး အရှည်ကို ဆုံးဖြတ်ဆွဲရပါတယ်.. တကယ်လို့ အပွကြိုးလုပ်မှာဆိုရင်တော့ နန်းကို အပြားကြိတ် ပိုက်ဖြစ်အောင်လုပ်ပြီး မှသတ်မှတ်ပေဖြစ်အောင် နန်းဆွဲရမှာပါ... ပန်းတိမ်လုပ်သက်ရလာမှ အပွကြိုးအတွက် ပိုက်ကို မီးစာတိုက် ( ပိုက်ရဲ့ ရင်ဆက်ကြောင်းကို မီးပေးပြီး ဆက်ပစ်တာပါ ) ရတာ အဆင်ပြေလေ့ရှိပါတယ်... မီးစာတိုက်ဖို့အတွက် ပန်းတိမ်သမားကို ဖားဖိုကထွက်လာတဲ့ လေရဲ့ ပြင်းအားနဲ့ မီးဂေါက်က ထွက်လာမယ့် မီးကို ထိန်းသိမ်းချိန်ဆနိုင်ရပါတယ်... နန်းဆွဲပြီးပြီဆိုရင်တော့ မိမိလုပ်မဲ့ ကြိုးပေါ်မူတည်ပြီး နန်းပတ်တိုင်ရွေးပြီး နန်းပတ်ရပါတယ်... ပတ်ပြီးသား နန်းကွင်းလေးတွေဟာ ရွှေစပရင်လေးနဲ့ တူနေမှာဖြစ်ပါတယ်..ပြီးရင် ဂဟေစပ်ရပါတယ်.... ဒီဟာက ပန်းတိမ်သမားတွေအတွက် စားကွက်ဖြစ်ပါတယ်... ပန်းတိမ်သမားရွှေခိုးတယ်ဆိုတာ ဒီဂဟေကိစ္စကို တင်စားပြောတာပါ.. ရွှေကို ရွှေနဲ့ ပြန်ပြီးဂဟေဆော်ရင်း မီးပေးနေတုန်းမှာ ဂဟေရောမိမိလုပ်ကိုင်နေတဲ့ အထည်ရော ပျော်သွားနိုင်တာကြောင့် ဂဟေကို ရွှေထက်အနဲငယ်အပျော်မြန်ဖို့ လုပ်ရပါတယ်.. အဲ့ဒါအတွက် စပ်ခဲကိုသုံးပါတယ်... စပ်ခဲဆိုတာက ဘော်သန့်နဲ့ ကြေးနီကို ဆတူစပ်ထားတဲ့ သတ္တုစပ်ပါ..ပုံမှန်စပ်လေ့ရှိတဲ့ ဂဟေအချိုးက စပ်ခဲ တရွေးကို ရွှေ ၃ ရွေးနဲ့ စပ်တာပါ... ချန်းချန်းတိုက 0ne three လို့ခေါ်ပါတယ်.. တကယ်လို့ ပူးကြိုးဆိုရင် တော့ သူထက်နဲနဲ ရွှေပိုထည့်ပြီးစပ်ရပါတယ်.. ဥပမာ ပူးကြိုး အတွက် ကွင်းဆော်နေတုန်းကို စပ်ခဲတရွေး ရွှေ၆ ရွေးစပ်တဲ့ ဂဟေ အမြင့်နဲ့ဆော်ပြီး ပူးတာကို ကို ခုနက ၀မ်းသရီး (ဂဟေအနိမ့်) နဲ့ပူးခြင်းဖြင့် လုပ်ကိုင်ရတာလွယ်ကူစေမှာဖြစ်ပါတယ် . ပြီးရင်း ကွင်းချိတ်ပြီး ဂဟေဆော်ရပါတယ်... ....ပုံမှန်ကြိုးတော်တော်များများဟာ အားလုံးဆော်ပြီးရင် အလိမ်ဖြည်ပြိးတူလိုက်ပေးရပါတယ်... ပြီးရင်း ထိပ်တုံး (ကြိုးအနားသပ်) ခတ်ပြီး ထိပ်ကွင်းကို ဆော်ရပါတယ်.. ပြီးရင် တံဇဉ်းလိုက် ကော်ပတ်စား ခြင်းစတဲ့ အချောကိုင်တဲ့အဆင့်ပါ... အားလုံးပြီးရင် ဂျိတ်ရိုက်ရပါတယ်.. ရွှေနန်းကြောင်းလေးကို နှစ်ဖတ်ရှုးဖြစ်အောင် ပေပေါ်တင်ပြီး တူနဲ့ ရိုက်ရတာပါ.. ပြီးရင် ဂျိတ်ကွေးရပါတယ်.. ပုံမှန်ဟန်းချိန်းတွေအတွက် " လ" ပုံကွေးပြီး ဆွဲကြိုးအတွက် ဏကြီးပုံကွေးရပါတယ်.... ပြီးရင်တော့ အရောင်တင်ပြီးအထည်အပ်ယုံပါပဲ....

ခင်မင်လေးစားလျက်
ချန်းချန်း(mg mine)

1 comments:

On August 7, 2009 at 3:48 AM , Unknown said...

Congratulations for u trying work hard ~Life is struggle."Struggle of Stiffness can be Alive"