ရွှေပန်းတိမ်ပညာကို သင်ယူဖြစ်ရခြင်း....(ကိုယ်တိုင်ရေးအထုပ္မတိ) ၂

Filed under: by: ***Chan Chan*** (Mg Mine)

ဟိုစဉ်က ချန်းချန်းကို နှိပ်စက်ခဲ့တဲ့ လောကဓံဆိုတာကို ခုနေပြန်အောက်မေ့ရင် ချန်းချန်းကို အမြင့်ရောက်အောင်တွန်းတင်ပေးခဲ့တာပါလားလို့ ထင်ယောင်မိပါတယ်... (တွန်းတင်တာဖြစ်လို့ နဲနဲပါးပါးနာကျင်တာမျိုးလည်းရှိမှာပေါ့) ဒါပေမယ့် သေချာပါတယ် ခါးလွန်းလှပါတယ်... ချန်းချန်းနင်းတဲ့ဆိုက်ကားကို စီးနေရင်း ကလေးအမေတယောက်က သူ့ကလေး ၄၊ ၅ နှစ်အရွယ်ကို ပညာမတတ်ရင် ဒီကိုကိုလို ပင်ပင်ပန်းပန်း ဆိုက်ကားနင်းရလိမ့်မယ်လို့ဆုံးမတာကို လက်ခံခဲ့ရဖူးပါတယ်... အဲ့ဒိအသံတွေကိုခုထိကြားနေရတုန်းပါ.. ချန်းချန်းပတ်ဝန်းကျင်ကလည်း ဆိုက္ကားသမားသား ဆိုက္ကားသမားဖြစ်တာ မဆန်းပါဝူး ဆိုတာမျိုးတွေ လည်း ပြောကြပါတယ်... ဟုတ်ပါတယ် ဆိုက္ကားသမားသား အင်ဂျင်နီယာကျောင်းသားဖြစ်လာတာ ၊ အင်ဂျင်နီယာဖြစ်သွားတာမျိုး လုပ်ပြချင်ခဲ့ပါတယ်... ချီးမွန်း ၇ ရက် ကဲ့ရဲ့ ၇ ရက်လို့ ဆိုတဲ့ စိတ်နဲ့ပဲ တွန်းတင်သမျှကို ခံယူခဲ့ရတာပါ..... မှတ်မှတ်ရရ ပန်းတိမ်ပညာသင်ယူနေရင်းပဲ ချန်းချန်းတို့ဆယ်တန်းအောင်စာရင်း ထွက်လာပါတဲ့... ချန်းချန်း မှာလည်း ပျံသန်းနေတဲ့ အရောင်စုံလေးတွေနဲ့ပါ... ချန်းချန်းဆိုက်ကားနဲ့ကျူရှင်အသွားကိုစီးခဲ့တဲ့ကျောင်းသူလေးတယောက်က ထူးထူးခြားခြား ချန်းချန်းကို ဂုဏ်ထူးဘယ်နှဘာသာပါလဲလို့ မေးခဲ့ပါတယ်... အံ့သြ၀မ်းနဲဖွယ်ပါပဲ ချန်းချန်းသူ့ကို မသိပေမယ့် ကျောင်းသားဘ၀မှာလည်း ညီ ညီမငယ်တွေက ချန်းချန်းတို့ရှေ့ကသွားသူတွေကို စောင့်ကြည့်နေတာပါလား ပေါ့..... ချန်းချန်းရွှေပန်းတိမ်ပညာသင်ယူနေစဉ်အတွင်းမှာ ခြေသုတ်ပုဆိုး မြွေဆွယ်ကျိုး ဆိုတဲ့စကားနဲ့.. ပညာရှာပမာသူဖုန်းစား ဆိုတာတဲ့စကားကို လက်တွေ့လိုက်နာခဲ့ပါတယ်... နေ့ဘက်ပညာသင် ညဘက် ဆိုက်ကားနင်းရင်း နောက်နေ့ လမ်းစရိတ်နဲ့ အသုံးစရိတ် အိမ်စရိတ်ရှာ ခဲ့တာ အလျော့တွက်မခွဲခင်အထိပါပဲ... ၁ နှစ်နီးပါးပေါ့..... ချန်ချန်းတို့ ဖိုက သတ်မှတ်ထားတဲ့ ပညာသင်ကာလ ၁ နှစ်ဆိုတာဟာ ချန်းချန်းအတွက်ကျမှပြောင်းခဲ့ရပါတယ်... ချန်းချန်း ၈ လလောက်မှာ အလျော့တွက်ရခဲ့ပါတယ်.. လက်ခစားအချင်းချင်း မခံချင်အောင်ပြောဆိုကြတဲ့စကားတွေက ချန်းချန်းလက်ခရဖို့ ဖြစ်စေခဲ့တာပါ.. " ပညာသင်လောက်မှ မတတ်ရင် ပညာသင်ပဲ ဆက်လုပ် " ဆိုတဲ့စကားလေးက ချန်းချန်းပညာသင်သားဘ၀ က ရရှိခဲ့တဲ့ ဆုလဘ်လေးပါပဲ... ချန်းချန်းပထမဆုံးရခဲ့တဲ့ အလျော့တွက်နဲ့ ချန်းချန်းရဲ့ ဆရာနှစ်ယောက်နဲ့ မိဘတွေကို ကန်တော့နိုင်ခဲ့နေ့ကစလို့ ချန်းချန်းဆိုက္ကားသမားဘ၀ကို တခန်းရပ်နိုင်ခဲ့ပါတယ်......

ဆက်လက်တင်ပြပါမည်....

0 comments: