အလျော့တွက်...

Filed under: by: ***Chan Chan*** (Mg Mine)

လက်ခစား ပညာရှင်ပန်းတိမ်သမား တွေရဲ့ လုပ်အားခ ဟာ အလျော့တွက်လို့ မြန်မာ နိုင်ငံ ရွှေလောကကသုံးနှုန်းပါတယ်... ချန်းချန်းတို့ကိုလည်း လက်ခစား လို့ခေါ်ပါတယ်.. တကယ်ကတော့ ချန်းချန်းတို့ရတာက အလျော့တွက်ပါ.. ချန်းချန်းတို့ လည်း အချင်းချင်း အလျော့စား လို့ပဲခေါ်ပါတယ်.. အလျော့တွက်ဆိုကတော့ ဒီဆွဲကြိုးတကုံးလုပ်ဖို့အတွက် တရားဝင် ၃ ရွေးလျော့မယ်လို့ ရွှေလောက ကသတ်မှတ်ထားပြီးသားပါ... အဲ့ဒါကို တကယ်လုပ်တဲ့ ပညာရှင်ရဲ့ စေ့စပ်ကျွမ်းကျင်မှုကြောင့် ၁ ရွေးပဲလျော့မယ်ဆို ကျန်တဲ့ရွှေ၂ ရွေးကို သူရပါမယ်... အဲ့ဒိလိုအလျော့နဲနိုင်သမျှနဲနိုင်ဖို့ ပညာသင်ကာလမှာ တည်းက ချန်းချန်း တို့ စနစ်တကျအလေ့အကျင့်ရယူရပါတယ်... မဟုတ်ရင် ကိုယ်က လုပ်လိုက် အိတ်ထဲကစိုက်လိုက်နဲ့ ရှုံးဖို့ပဲများပါတယ်..
ဂဟေကိစ္စကို ချန်းချန်းရှေ့ပိုစ်မှာပြောခဲ့ပါတယ်.. ဒီအထည်အတွက် ချန်းချန်းတို့ကိုသတ်မှတ်ပေးထားတာက ၃ ရွေးဆိုပါစို့.. အဲ့ဒိအထည်လုပ်နိုင်ရန်အတွက် ချန်းချန်း က စပ်ခဲ ၁ ရွးသုံးခဲ့မယ်ဆိုရင် ချန်းချန်းဘက်မှာ လျော့ခွင့် ၄ ရွေး ရှိမှာပါ..(မလျော့ဝူးဆိုရင်တော့ ရခွင့်ပေါ့ ခင်ဗျာ) အဲ့ဒိ စပ်ခဲတရွေးကိုတော့ ပန်းတိမ်အခေါ်အရစပ်ခဲတိုးတယ်လို့သုံးနှုန်းပါတယ်... ပုံမှန်ဆိုရင်တော့ အလျော့စား တယောက်အနေနဲ့ အလျော့တွက်ဟာ ဘယ်တော့မှလျော့လေ့မရှိပါဝူး... သိပ်မစေ့စပ်ဖြစ်ခဲ့ရင်တောင်လျော့ တာက ၁ ရွေးထက်ပိုလေ့မရှိပါဝူး... ဒါကိုတောင်မသမာတဲ့ တချို့ ပန်းတိမ်သမားတွေကြောင့် ပန်းတိမ်သမားရွှေခိုးတယ် (စပ်ခဲလိုတာထက်ပိုသုံးခြင်း) တွေဖြစ်လာတာပါ.. လူဆိုတာ လောကီသားပေမို့ လောဘနောက်လိုက်မိရင် ဖြစ်လေ့ရှိတဲ့ကိစ္စပါပဲ... ပန်းတိမ်သမားတွေအတွက် မိမိကျွမ်းကျင်တဲ့ ပညာအလျောက် စပ်ခဲကို သေသေသပ်သပ် အသုံးပြုပြီး အကျိုးအမြတ်များစေတာမျိုးက fair ဖြစ်ပေမယ့်.. မိမိအကျိုးအမြတ်ရဖို့တခုတည်းအတွက် စားသုံးသူ တွေနစ်နာတာမျိုးကျတော့ မfair ပါဝူး... ပုံမှတ်ရွှေဆိုင်တွေက ကြိုးတကုံးတွေအတွက် ၆ေ၇ွးအလျေ့တွက်သတ်မှတ်တယ်ဆိုရင် ပန်းတိမ်ဖိုကို အလျော့တွက် ၅ ရွေးနဲ့ အလုပ်အပ်ပါတယ်... ပန်းတိမ်ဖိုရှင်က အလျော့စားကို ၃ ရွေးနဲ့ ပြန်လည် အလုပ် အပ်နှ့လုပ်ကိုင်စေပါတယ်... ဒီလိုနည်းနဲ့ မြန်မာ ပန်းတိမ်လောက ရပ်တည်နေတာပါပဲ...(ပန်းတိမ်သမားကလည်း အနဲလေးတော့ စပ်ခဲ ၁ ရွေးလောက်တိုးအောင် ကြိုးစားလုပ်ကိုင်လေ့ရှိပါတယ်.. ဟိဟိ. ) ဒီဖြစ်စဉ်ကို စဉ်းစားကြည့်ရင် ဘယ်သူနစ်နာလဲဆိုတော့ ဒီအထည်ကို ၀ယ်မယ့် စားသုံးသူပါပဲ.. တရားဝင် ၆ရွေးပေးပြီး အထည်ကို ၀ယ်ယူပါတယ်... ရွှေဆိုင်တွေရဲ့ထုံးစံအရ လက်ခကိုလည်း ၅၀၀ ၊ ၁၀၀၀လောက်အပိုပေးရပါမယ်.. ဒီကြားထဲ အထည်ထဲမှာရှိနေတဲ့ စပ်ခဲကြောင့် သူပေးလိုက်ရတာက ၇ ရွေး + လို့ပြောလို့ရနိုင်ပါတယ်...
ဒါပေမယ့် မြန်မာလူမျိုးတွေရဲ့ ရွှေကိုတန်ဖိုးထား ၀တ်ဆင်မှုကြောင့် ဒီဖြစ်စဉ်ကတော့ တည်မြဲနေအုံးမှာပါပဲ.....
(ရွှေသမားတွေတော့ ချန်းချန်းကို ထုထောင်းချင်နေကြတော့မှာပဲ..... :D)

ရွှေပန်းတိမ် လုပ်ငန်းခွင်

Filed under: by: ***Chan Chan*** (Mg Mine)

ချန်းချန်းလုပ်ကိုင်ခဲ့တဲ့ ရွှေပန်းတိမ် (ကြိုးလိုင်း) ဟာ အင်မတန်မှ ပုံသေဆန်လှပါတယ်...
အရင်ဆုံး ဖိုရှင်ဆီကနေ အလုပ် လက်ခံယူရပါတယ်... ဖိုရှင်က ၁ ကျပ်သား ကြိုးတကုံးအတွက် ရွှေတကျပ်နဲ့ အပိုရွှေ ၂ ပဲလောက်ပေးလေ့ရှိပါတယ်... ချန်းချန်းတို့က ပိုတဲ့ ရွှေ၂ ပဲကို အစိုက်ရွှေလို့ခေါ်ပါတယ်... ရလာတဲ့ရွှေတုံးလေးကို မည်သည့်ကြိုးပဲလုပ်လုပ် အရင်ဆုံးနန်းကြိတ်ရပါတယ်... ချန်းချန်းပညာသင်ခဲ့တဲ့ ဖိုမှာ တော့ နန်းကို မော်တာသုံးတဲ့ စက်နဲ့ရော လက်နဲ့ပါလှည့်ကြိတ်နိုင်ဖို့ စီစဉ်ပေးထားပါတယ်... ကြိုး ဖိုတစ်ဖိုအတွက် နန်းကြိတ်စက်က အခရာဖြစ်ပါတယ်... ချန်းချန်းပညာသင်စက တူကို သုံးပြီး နန်းထုခဲ့တာကစခဲ့ရပါတယ်... စက်ကိုသုံးတဲ့အတွက် မြန်ဆန်သက်သာပါတယ်... ရာလာတဲ့ နန်းချောင်းကို ကာဗိုက်နန်းပြင်တွေသုံးပြီးနန်းဆွဲရပါတယ်... မိမိလုပ်မယ်ကြိုးပေါ်မှာမူတည်ပြီး အရှည်ကို ဆုံးဖြတ်ဆွဲရပါတယ်.. တကယ်လို့ အပွကြိုးလုပ်မှာဆိုရင်တော့ နန်းကို အပြားကြိတ် ပိုက်ဖြစ်အောင်လုပ်ပြီး မှသတ်မှတ်ပေဖြစ်အောင် နန်းဆွဲရမှာပါ... ပန်းတိမ်လုပ်သက်ရလာမှ အပွကြိုးအတွက် ပိုက်ကို မီးစာတိုက် ( ပိုက်ရဲ့ ရင်ဆက်ကြောင်းကို မီးပေးပြီး ဆက်ပစ်တာပါ ) ရတာ အဆင်ပြေလေ့ရှိပါတယ်... မီးစာတိုက်ဖို့အတွက် ပန်းတိမ်သမားကို ဖားဖိုကထွက်လာတဲ့ လေရဲ့ ပြင်းအားနဲ့ မီးဂေါက်က ထွက်လာမယ့် မီးကို ထိန်းသိမ်းချိန်ဆနိုင်ရပါတယ်... နန်းဆွဲပြီးပြီဆိုရင်တော့ မိမိလုပ်မဲ့ ကြိုးပေါ်မူတည်ပြီး နန်းပတ်တိုင်ရွေးပြီး နန်းပတ်ရပါတယ်... ပတ်ပြီးသား နန်းကွင်းလေးတွေဟာ ရွှေစပရင်လေးနဲ့ တူနေမှာဖြစ်ပါတယ်..ပြီးရင် ဂဟေစပ်ရပါတယ်.... ဒီဟာက ပန်းတိမ်သမားတွေအတွက် စားကွက်ဖြစ်ပါတယ်... ပန်းတိမ်သမားရွှေခိုးတယ်ဆိုတာ ဒီဂဟေကိစ္စကို တင်စားပြောတာပါ.. ရွှေကို ရွှေနဲ့ ပြန်ပြီးဂဟေဆော်ရင်း မီးပေးနေတုန်းမှာ ဂဟေရောမိမိလုပ်ကိုင်နေတဲ့ အထည်ရော ပျော်သွားနိုင်တာကြောင့် ဂဟေကို ရွှေထက်အနဲငယ်အပျော်မြန်ဖို့ လုပ်ရပါတယ်.. အဲ့ဒါအတွက် စပ်ခဲကိုသုံးပါတယ်... စပ်ခဲဆိုတာက ဘော်သန့်နဲ့ ကြေးနီကို ဆတူစပ်ထားတဲ့ သတ္တုစပ်ပါ..ပုံမှန်စပ်လေ့ရှိတဲ့ ဂဟေအချိုးက စပ်ခဲ တရွေးကို ရွှေ ၃ ရွေးနဲ့ စပ်တာပါ... ချန်းချန်းတိုက 0ne three လို့ခေါ်ပါတယ်.. တကယ်လို့ ပူးကြိုးဆိုရင် တော့ သူထက်နဲနဲ ရွှေပိုထည့်ပြီးစပ်ရပါတယ်.. ဥပမာ ပူးကြိုး အတွက် ကွင်းဆော်နေတုန်းကို စပ်ခဲတရွေး ရွှေ၆ ရွေးစပ်တဲ့ ဂဟေ အမြင့်နဲ့ဆော်ပြီး ပူးတာကို ကို ခုနက ၀မ်းသရီး (ဂဟေအနိမ့်) နဲ့ပူးခြင်းဖြင့် လုပ်ကိုင်ရတာလွယ်ကူစေမှာဖြစ်ပါတယ် . ပြီးရင်း ကွင်းချိတ်ပြီး ဂဟေဆော်ရပါတယ်... ....ပုံမှန်ကြိုးတော်တော်များများဟာ အားလုံးဆော်ပြီးရင် အလိမ်ဖြည်ပြိးတူလိုက်ပေးရပါတယ်... ပြီးရင်း ထိပ်တုံး (ကြိုးအနားသပ်) ခတ်ပြီး ထိပ်ကွင်းကို ဆော်ရပါတယ်.. ပြီးရင် တံဇဉ်းလိုက် ကော်ပတ်စား ခြင်းစတဲ့ အချောကိုင်တဲ့အဆင့်ပါ... အားလုံးပြီးရင် ဂျိတ်ရိုက်ရပါတယ်.. ရွှေနန်းကြောင်းလေးကို နှစ်ဖတ်ရှုးဖြစ်အောင် ပေပေါ်တင်ပြီး တူနဲ့ ရိုက်ရတာပါ.. ပြီးရင် ဂျိတ်ကွေးရပါတယ်.. ပုံမှန်ဟန်းချိန်းတွေအတွက် " လ" ပုံကွေးပြီး ဆွဲကြိုးအတွက် ဏကြီးပုံကွေးရပါတယ်.... ပြီးရင်တော့ အရောင်တင်ပြီးအထည်အပ်ယုံပါပဲ....

ခင်မင်လေးစားလျက်
ချန်းချန်း(mg mine)

ရွှေပန်းတိမ်ပညာကို သင်ယူဖြစ်ရခြင်း....(ကိုယ်တိုင်ရေးအထုပ္မတိ) ၂

Filed under: by: ***Chan Chan*** (Mg Mine)

ဟိုစဉ်က ချန်းချန်းကို နှိပ်စက်ခဲ့တဲ့ လောကဓံဆိုတာကို ခုနေပြန်အောက်မေ့ရင် ချန်းချန်းကို အမြင့်ရောက်အောင်တွန်းတင်ပေးခဲ့တာပါလားလို့ ထင်ယောင်မိပါတယ်... (တွန်းတင်တာဖြစ်လို့ နဲနဲပါးပါးနာကျင်တာမျိုးလည်းရှိမှာပေါ့) ဒါပေမယ့် သေချာပါတယ် ခါးလွန်းလှပါတယ်... ချန်းချန်းနင်းတဲ့ဆိုက်ကားကို စီးနေရင်း ကလေးအမေတယောက်က သူ့ကလေး ၄၊ ၅ နှစ်အရွယ်ကို ပညာမတတ်ရင် ဒီကိုကိုလို ပင်ပင်ပန်းပန်း ဆိုက်ကားနင်းရလိမ့်မယ်လို့ဆုံးမတာကို လက်ခံခဲ့ရဖူးပါတယ်... အဲ့ဒိအသံတွေကိုခုထိကြားနေရတုန်းပါ.. ချန်းချန်းပတ်ဝန်းကျင်ကလည်း ဆိုက္ကားသမားသား ဆိုက္ကားသမားဖြစ်တာ မဆန်းပါဝူး ဆိုတာမျိုးတွေ လည်း ပြောကြပါတယ်... ဟုတ်ပါတယ် ဆိုက္ကားသမားသား အင်ဂျင်နီယာကျောင်းသားဖြစ်လာတာ ၊ အင်ဂျင်နီယာဖြစ်သွားတာမျိုး လုပ်ပြချင်ခဲ့ပါတယ်... ချီးမွန်း ၇ ရက် ကဲ့ရဲ့ ၇ ရက်လို့ ဆိုတဲ့ စိတ်နဲ့ပဲ တွန်းတင်သမျှကို ခံယူခဲ့ရတာပါ..... မှတ်မှတ်ရရ ပန်းတိမ်ပညာသင်ယူနေရင်းပဲ ချန်းချန်းတို့ဆယ်တန်းအောင်စာရင်း ထွက်လာပါတဲ့... ချန်းချန်း မှာလည်း ပျံသန်းနေတဲ့ အရောင်စုံလေးတွေနဲ့ပါ... ချန်းချန်းဆိုက်ကားနဲ့ကျူရှင်အသွားကိုစီးခဲ့တဲ့ကျောင်းသူလေးတယောက်က ထူးထူးခြားခြား ချန်းချန်းကို ဂုဏ်ထူးဘယ်နှဘာသာပါလဲလို့ မေးခဲ့ပါတယ်... အံ့သြ၀မ်းနဲဖွယ်ပါပဲ ချန်းချန်းသူ့ကို မသိပေမယ့် ကျောင်းသားဘ၀မှာလည်း ညီ ညီမငယ်တွေက ချန်းချန်းတို့ရှေ့ကသွားသူတွေကို စောင့်ကြည့်နေတာပါလား ပေါ့..... ချန်းချန်းရွှေပန်းတိမ်ပညာသင်ယူနေစဉ်အတွင်းမှာ ခြေသုတ်ပုဆိုး မြွေဆွယ်ကျိုး ဆိုတဲ့စကားနဲ့.. ပညာရှာပမာသူဖုန်းစား ဆိုတာတဲ့စကားကို လက်တွေ့လိုက်နာခဲ့ပါတယ်... နေ့ဘက်ပညာသင် ညဘက် ဆိုက်ကားနင်းရင်း နောက်နေ့ လမ်းစရိတ်နဲ့ အသုံးစရိတ် အိမ်စရိတ်ရှာ ခဲ့တာ အလျော့တွက်မခွဲခင်အထိပါပဲ... ၁ နှစ်နီးပါးပေါ့..... ချန်ချန်းတို့ ဖိုက သတ်မှတ်ထားတဲ့ ပညာသင်ကာလ ၁ နှစ်ဆိုတာဟာ ချန်းချန်းအတွက်ကျမှပြောင်းခဲ့ရပါတယ်... ချန်းချန်း ၈ လလောက်မှာ အလျော့တွက်ရခဲ့ပါတယ်.. လက်ခစားအချင်းချင်း မခံချင်အောင်ပြောဆိုကြတဲ့စကားတွေက ချန်းချန်းလက်ခရဖို့ ဖြစ်စေခဲ့တာပါ.. " ပညာသင်လောက်မှ မတတ်ရင် ပညာသင်ပဲ ဆက်လုပ် " ဆိုတဲ့စကားလေးက ချန်းချန်းပညာသင်သားဘ၀ က ရရှိခဲ့တဲ့ ဆုလဘ်လေးပါပဲ... ချန်းချန်းပထမဆုံးရခဲ့တဲ့ အလျော့တွက်နဲ့ ချန်းချန်းရဲ့ ဆရာနှစ်ယောက်နဲ့ မိဘတွေကို ကန်တော့နိုင်ခဲ့နေ့ကစလို့ ချန်းချန်းဆိုက္ကားသမားဘ၀ကို တခန်းရပ်နိုင်ခဲ့ပါတယ်......

ဆက်လက်တင်ပြပါမည်....

ရွှေပန်းတိမ်ပညာကို သင်ယူဖြစ်ရခြင်း....(ကိုယ်တိုင်ရေးအထုပ္မတိ)

Filed under: by: ***Chan Chan*** (Mg Mine)

ချန်းချန်းတို့မိသားစုက ချန်းချန်းလူရယ်လို့ဖြစ်လာကတည်းက ချို့ချို့ငဲ့ငဲ့ ဖြစ်တည်လာခဲ့တာပါ.....
ချန်းချန်းရဲ့ ဖခင်ဟာ ပညာတတ်ပင်မဟုတ်သော်ငြား မယား နှင့်သားသမီးနှင့် တို့ကို သူတတ်နိုင်သမျှရိုးသားစွာ သမာအာဇီဝ အလုပ်ကလေးများဖြင့် ရှာဖွေကျွေးမွေး ပညာသင်ပေးခဲ့ပါတယ်... ချန်းချန်းသိမှီသလောက် ဆွယ်တာစက်ရုံတစ်ရုံမှာ အခစားဝန်ထမ်းအဖြစ်လည်း လုပ်ခဲ့ပါတယ်၊ ၀က်သားတုတ်ထိုးလည်းရောင်းခဲ့ဖူးပါတယ်.. ၊ဆိုက်ကားလည်းနင်းခဲ့ပါတယ်၊ စကားပြန်အဖြစ်လည်းလုပ်ကိုင်ခဲ့ပါတယ်..၊ ဘာသာစကားတစ်ခုကိုအိမ်လိုက်သင်တာကိုလည်း လုပ်ကိုင်ခဲ့ပါတယ်... မိဘာကျေးဇူးဆိုတာကို ချန်းချန်းတို့ မောင်နှမတွေသူများတကာထက်ပိုပြီးသိနားလည်အောင် လောကဓံက သင်ပေးခဲ့တာပါ... ချန်းချန်းကလည်း မိသားစုအတွက် ၀န်ထုပ်ဝန်ပိုးမဖြစ်ရလေအောင် လုပ်နိုင်သမျှကို လုပ်ကိုင်ဖို့ ငယ်ငယ်တည်းက အဆင်သင့်ဖြစ်နေခဲ့ တဲ့သူတစ်ယောက်ပေါ့.. သတင်းစာပို့သမားလည်း ဖြစ်ခဲ့ဖူးပါတယ် (အယ်ဒီဇင်ကိုအားကျလို့မဟုတ်ပေမယ့် ကိုယ့်ဝမ်းနာကိုယ်သာသိတာကြောင့်ပါ... )ရှစ်တန်းကျောင်းသားဘ၀ရဲ့ နွေရာသီကျောင်းပိတ်ရက်တွေကစလို့ ချန်းချန်းနေ့စား ဆေးသုတ်သမားဘ၀ကို ခံယူခဲ့ပါတယ်... ၉ တန်း ၁၀ တန်းထိပါပဲ... ၁၀ တန်းစာမေးပွဲ မပြီးခင်မှာ ပန်းတိမ် ဖိုတစ်ခုနဲ့သိကျွမ်းခွင့်ရခဲ့ပြီး စာမေးပွဲပြီးတဲ့အခါ ပန်းတိမ်ပညာကို သင်ယူဖို့ ဆုံးဖြတ်ခဲ့ပါတယ်.. အဲ့ဒိဆရာကလည်း ၁ နှစ်ကာလ လွန်မြောက်ရင် တတ်ကျွမ်းနိုင်ပြီး စတင် ၀င်ငွေရရှိနိုင်မယ် ဆိုတဲ့ စကားတစ်ခုကြောင့်ပါ... စာမေးပွဲအပြီးနောက်တနေ့မှာပဲ စတင် ပညာသင်ယူခဲ့ပါတယ်.. မနက်အိပ်ယာထ မျက်နှာသစ်ပြီးချိန်ကစလို့ ည၁၀ နာရီ အိပ်ချိန်ရောက်မှပဲ အိမ်ပြန်ပြီး အဲ့လိုပညာဆည်းပူးခဲ့ပေမယ် အဲ့ဒိ ဆရာနဲ့ချန်းချန်းကံမပါခဲ့ပါဝူး ပညာစသင်ပြီး ၂ ပတ်လောက်မှာ ချန်းချန်းကို ၃ နှစ်သင်ယူရမယ်လို့ပြောခဲ့တာကြောင့်( အစက ၁ နှစ်လို့ပြောခဲ့ဖူးပါတယ် ) ချန်းချန်းဆေးပဲပြန်သုတ်နေခဲ့ပါတော့တယ်.... နောက်ပြီး အဲ့ဒိဆရာရဲ့ စကားတွေကို နာကျည်းစိတ်နဲ့ ၁ နှစ်မပြည့်ခင် ပန်းတိမ် ပညာရှင်ဖြစ်ရမယ်ဆိုတဲ့ သံဓိဌာန်ကိုလည်း ချခဲ့မိပါတယ်.. ၁၉၉၇ မှာပါ... ကံကောင်းထောက်မစွာနဲ့ ချန်းချန်းရဲ့ အင်မတန်ခင်မင်ရတဲ့သူငယ်ချင်းတစ်ယောက်ကတဆင့် ရွှေပန်းတိမ်ဖိုတစ်ခုနဲ့ ဆက်သွယ်မိပါတယ်.. ပညာသင်ကာလကို ၁ နှစ်သတ်မှတ်ထားပြီး ကံမကောင်းစွာပဲပညာသင်ကြေးကို (ရွှေတမတ်သား ) လို့ သတ်မှတ်ထားပါတယ်... ချန်းချန်း ၁၇ နှစ်သားမှာ ရွှေတမတ်သားပြည့်အောင်ဘယ်လိုလုပ်ရမလဲဆိုတာနဲ့ခေါင်းကိုက်ခဲ့ရဖူးပါတယ်... ဆေးသုတ်တဲ့ အလုပ်က အဲ့ဒိအချိန်မှာ ချန်းချန်း တရက် ၁၂၀ စားဖြစ်နေပါပြီ (စလုပ်စဉ်က ၈၀ ကျပ်) ရွှေတမတ်သားကို အဲ့ဒိအချိန်က ၁၂၀၀၀ ပါ.. ရက်၁၀၀ စာပါ.. ဒါပေမယ့် အဲ့ဒိလောက် ပုံသေတွက်လို့မရနိုင်ပါဝူး.. နောက်ပြီးချန်းချန်းက တကိုယ်ကောင်းဆန်ပြီး ပညာသင်စရိတ်စုနေရင် ချန်းချန်းမေမေအတွက်အိမ်စရိတ်ကို ဘယ်ကနေပေးရမလဲလို့လည်းစဉ်းစားရပါတယ်... (ချန်းချန်းဖခင်က နယ်ကို စကားပြန်အဖြစ်လိုက်သွားပါတယ်) ချန်းချန်းနောက်ဆုံး ဆုံးဖြတ်ချက်က ချန်းချန်းဖခင်ရဲ့ နင်းသူမဲ့နေတဲ့ ဆိုက်ကားနဲ့ ရွှေတမတ်သား ဖိုးနဲ့ အိမ်စရိတ်ကိုရှာဖို့ ပါပဲ.... ချန်းချန်းဆုံးဖြတ်ချက်မှန်ခဲ့တယ်လို့ပဲယနေ့ထိယုံကြည်ခဲ့ပါတယ်....(သမာအာဇီဝအသက်မွေးဝမ်းကျောင်းမှုကို ချန်းချန်းမရှက်ကြောက်ခဲ့တာ တခုအတွက် မိဘတွေရဲ့ကျေးဇူးကို အစဉ်အောက်မေ့ရပါတယ် ) ချန်းချန်းအိမ်စရိတ်တရက် ၂၀၀ ပေးနိုင်ခဲ့ပါတယ် (ဆေးသုတ်စဉ်က ၁၂၀) ပညာသင်စရိတ်တရက် ၁၀၀ စုနိုင်ခဲ့ပါတယ်... ၃ လကျော်ကျော်မှာ ချန်းချန်းစုမိခဲ့တဲ့ ငွေလေး တစ်သောင်းကို ကိုင်လို့ ဆရာသမားတွေဆီကို လက်ခံပါမယ့်အကြောင်းနဲ့ သွားရောက်အပ်နှံခဲ့ပါတယ်.. ချန်းချန်းက ငယ်သေးတာကြောင့် မိဘခေါ်လာပြီးအပ်ခိုင်းဖို့ ပြောတာကြောင့်ချန်းချန်းမေမေကို ပြန်ခေါ်ရပါသေးတယ် .. ချန်းချန်းအမေကတော့ ဘုမသိဘမသိနဲ့ လိုက်လံအပ်နှံပေးခဲ့ပါတယ်... ချန်းချန်းအတွက်ကတော့ မမေ့နိုင်စရာနေ့ရက်တွေပါပဲ....

ဆက်လက်တင်ပြပါမည်....

Filed under: by: ***Chan Chan*** (Mg Mine)

ချန်းချန်း အသက် ၁၉ နှစ်မှာ အသစ်ပြောင်းခဲ့တဲ့ ရွှေပန်းတိမ် အသစ်က လုပ်ဖေါ်ကိုင်ဖက်တွေနဲ့ ဘုရားဖူး ခရီးထွက်ခဲ့စဉ်က ပေါ့.....
အဲ့ဒိ ဖိုအသစ်ကို ချန်းချန်း 1999 တန်ဆောင်တိုင်ဘုရားပွဲမှာစတင်ပြောင်းရွှေ့ခဲ့တာပါ... အင်တာဗျူး သုံးကြိမ် ဖြေပြီး အဲ့ဒိအလုပ်မှာလုပ်ခွင့်ရခဲ့ပါတယ်... အဲ့ဒိတုန်းက ချန်းချန်းက ၁၀အောင်ပြီး ကျောင်းတွေကတော်တော်နဲ့ပြန်မဖွင့်လို့ ကျောင်းတက်ရမှာ စိတ်မရှည်တော့ပဲ အလုပ်ကိုပဲ ဇောက်ချလုပ်တော့မယ်လို့ စိတ်ပိုင်းဖြတ်ပြီး အဲ့ဒိ အလုပ်ကို ရွေးချယ်ခဲ့တာပါ... ကံကောင်းထောက်မစွာနဲ့ အင်မတန်အရည်အချင်းရှိပြီး ထက်မြက်လှတဲ့ လူငယ်လုပ်ငန်းရှင်တစ်ယောက်ရဲ့ အုပ်ချုပ်မှုအောက်မှာ လုပ်ခွင့်ရခဲ့လို့ သာ ချန်းချန်း ယခုအချိန်မှာ လူလူသူသူရပ်တည်နိုင်ခဲ့ခြင်းဖြစ်ပါတယ်... အဲ့ဒိအလုပ်ရဲ့ ကျေးဇူးကြောင့်ချန်းချန်းရန်ကုန်နည်းပညာတက္ကသိုလ်က B.E ဆိုတဲ့ဘွဲ့ တခုကို လက်ဝယ်ပိုင်ပိုင်ရရှိခဲ့တာပါ.. နောင်အနာဂတ်ဘ၀ခရီးကို ဆက်ဖို့ အတွက် အတွေးအခေါ်ကောင်းတွေနဲ့ လူမှုပေါင်းသင်းဆက်ဆံရေးနည်းနာတွေကို အဲ့ဒိအလုပ်ကနေရရှိခဲ့ပါတယ်... ချန်းချန်းပညာသင်ခဲ့တဲ့ဖိုက လက်ခစားတစ်ယောက်ကို ဘယ်လိုကြိုးမျိုးမဆို ဖြစ်အောင်လုပ်ရမယ်ဆိုတဲ့ မူမျိုးကိုသုံးလေ့ရှိပေမယ့်.. ဒီဖိုအသစ်က ဇောက်ချလုပ်ကိုင်ခြင်းဆိုတဲ့ စနစ်ကို ကျင့်သုံးပါတယ်... ချန်းချန်း အဓိကဦးစားပေးလုပ်ရတဲ့ ကြိုးကတော့ MC အပွ ကြိုးပါ.... ဇောက်ချလုပ်ကိုင်ခြင်းဆိုတာကို ဘောဂဗေဒ ဘာသာရပ်ကို သင်ကြားဖူးးတဲ့သူတွေ သိပါတယ်... လက်မှုပညာရှင်တစ်ယောက်အတွက် နေ့စဉ်ဒီတမျိုးတည်း ကိုလုပ်နေရတာကြောင့်ပိုမိုကျင်လည် မြန်ဆန် လာပါတယ်... ချန်းချန်းလည်းဒီလိုပါပဲ.. ချန်းချန်းတို့ အလုပ်က ညဘက်လုပ်ရတာပါ... တခါတလေ လူက ငိုက်မျည်းသလိုလို ဖြစ်နေပေမယ့် လက်တွေက တချက်မမှားပဲ အလုပ်ကို ပြီးစီးအောင်လုပ်နိုင်တာမျိုးကြုံဖူးပါတယ်... အိပ်ယာကလန့်နိုးသလိုလိုဖြစ်ပြီး သတိပြန်ဝင်လာတဲ့ အချိန်မှာ မိမိအလုပ်က တော်တော် ခရီးရောက်နေတာကို ကိုယ့်ဘာသာအံ့သြဖွယ်တွေ့ကြုံဖူးပါတယ်....

ဆက်လက်တင်ပြပါမည်.....

ကြိုးသမား ချန်းချန်း...

Filed under: by: ***Chan Chan*** (Mg Mine)

ဆရာမင်းသိင်္ခရဲ့ ပျားဆွဲသောမုတ်ဆိတ် ဆိုတဲ့ ၀တ္ထုထဲမှာလို့ထင်ပါတယ်... အိုးဂိုဏ်းနဲ့ ကြိုးဂိုဏ်း ဆိုတာရှိတယ်တဲ့.. အဲ့ဒိလိုပြောကြကြေးဆိုရင်တော့ ချန်းချန်းက ကြိုး ဂိုဏ်းကပါ... ချန်းချန်းက က ရွှေပန်းတိမ်ကို ဆွဲကြိုး.. ဟန်းချိန်း.. ဖုချိန်း တွေလုပ်တာကို ပဲလေ့လာဆည်းပူးပြီး professional အဖြစ်အသက်မွေးဝမ်းကြောင်းပြုခဲ့လို့ပါ..
လက်နဲ့လုပ်လို့ရနိုင်တဲ့ကြိုးမှန်သမျှကို ချန်းချန်းကိုယ်တိုင် ရွှေတမှုန်မှမလျော့ဘဲဖန်တီးနိုင်ပြီလို့ ဆရာသမားက လက်ခံတဲ့နေ့မှာချန်းချန်းကိုပညာရှင်အဖြစ်သတ်မှတ်ပေးခဲ့ပါတယ်.. အဲ့ဒိ ပညာသင်ပေးခဲ့တဲ့ ဆရာရဲ့ ပန်းတိမ်ဖိုမှာ ချန်းချန်း ၁ နှစ်ကျော်လက်ခစားအဖြစ်လုပ်ကိုင်ခဲ့ပါတယ်... အဲ့ဒိတုန်းက ချန်းချန်းအသက် ၁၈ နှစ်ဝန်းကျင်ရှိပါပြီ... အဲ့ဒိနှစ်တွေအတွင်းမှာ ကြိုးပေါင်းစုံအောင်လုပ်ခဲ့ဖူးပါတယ်... တခါမှမမြင်ဖူးပေမယ့် ကတ်တလောက်ထဲက ပဲဝါးတားတားလေးကို ကြည့်ပြီး လုပ်ခဲ့ရတာမျိုးအထိပါပဲ... ပုံမှန်ကတော့ သံကြိုး(သင်္ဘောသားကြိုး)၊ MC ၁ ထပ်၊ MC 2 ထပ်၊ MC 3 ထပ်,ပူးကြိုး အမျိုးမျိုး၊ ၂ တန်းပူး၊ ၃ တန်းပူး၊ ၄ တန်းပူး၊ ထဆင့်ထူးပူး ၊ဒေါင်ပူး...(ပူးချင်သလို ပူး... ချန်းချန်းတို့ ပိုင်တာပေါ့ ) madona, hammer, ငါးအရိုးကြိုး ၊ အုန်းဆံကြိုး၊ ဘတ်ကြိုး၊ ဖတ်ထုတ်ကြိုး ၊ မာစတာကြိုး၊ အိုစီကြိုး၊ အိုအက်စ် ကြိုး ၊ s ကြိုး.....စတာတွေပါ...
ချန်းချန်းပညာသင်ဘ၀တုန်းက ငွေကိုသုံးပြီး ရုပ်စုံဟန်းချိန်း ကို ဖန်တီးပြနိုင်ခဲ့ပေမယ့် လက်ခစားဘ၀မှာ ရုပ်စုံဟန်းချိန်းကို လုပ်ခွင့်မပေါ်ခဲ့ပါဘူး.. (ငှက်လှောင်အိမ် ၊ စာအုပ်၊ ရေနွေးကရား၊ ပေသီး၊ စာအုပ်၊ ဘုံကျောင်း၊ စောင်း၊ ရွက်လှေ၊ အိုးစည် ၊ ခြူ၊ ... စတဲ့အရုပ်တွေကို ကောင်းကောင်းလုပ်နိုင်ခဲ့ပါတယ်.....) ဒါကြောင့်ချန်းချန်း ကိုယ့်ကိုယ်ကို ကြိုးသမားလို့ ကင်ပွန်းတပ်လိုက်တာပါ... (ကြိုးမိန့်ကျတာနဲ့တော့ မမှားပါနဲ့ခင်ဗျာ...အူယားလို့ပါ :D)

ခင်မင်လေးစားလျက်

ရွှေ..အချိန်အတွယ်...

Filed under: by: ***Chan Chan*** (Mg Mine)

ချန်းချန်းတို့ မြန်မာပြည်မှာ ယနေ့ထိ မိရိုးဖလာ အချိန်အတွယ်ကိုပဲ တွင်တွင်ကျယ်ကျယ်သုံးခဲ့ကြပါတယ်..
ဒီနေ့ခေတ်မှာ နိုင်ငံတကာက ဂရမ်ချိန်ကို စံတခုအဖြစ်သုံးလာတာကြောင့်တချို့ ရွှေဆိုင်များတွင် လိုက်လံသုံးစွဲခဲ့သော်ငြားလည်း ရိုးရာ အချိန်အတွယ်ကို မဖျောက်ဖျက်နိုင်သေးပါဘူး...
ရွှေတစ်ကျပ်သားလို့ပြောလိုက်ရင်... အဲ့ဒိမှာ ၁၆.၆ ဂရမ်ရှိတယ်လို့ ရန်ကုန်မှာ ပျမ်းမျှသုံးလေ့ရှိပါတယ်..
ရိုးရာအချိန်အတွယ်တွေကတော့....
၂စိတ်--- ၁ခြမ်း
၂ ခြမ်း -- ၁ရွေး (၁ွး)
၈ရွေး-- ၁ ပဲ (၁ဲ)
၂ ပဲ---- ၁ မူး
၂မူး---၁ မတ်
၂မတ်--- ၅ မူး
နှစ် ၅ မူး --- ၁ ကျပ် ( ၁၂၈ ရွေး) (၁၆ ပဲ) (၁ိ)

တကယ်လို့ ဂရမ်ချိန်ကို ကျပ်ပဲရွေးဖွဲ့ချင်တာဆိုရင်တော့... ဥပမာ..၁၈.၄ ဂရမ် ဆိုပါစို့... ၁၈.၄ ကို ၁၆.၆ နဲ့စား = ရလာတဲ့ အပြည့်ကိန်းက ကျပ်ပါ... 1.108433734939759036144578313253 ရတာမို့ အပြည့်ကိန်း ၁ ကျပ်..
(1.108433734939759036144578313253 -1) x 16 ပါ... 1.7349397590361445783132530120482 အပြည့်ကိန်းက ပဲပါ... ခုဆို ၁ ကျပ် ၁ ပဲ.. ကျန်တဲ့ ဒသမကိန်း ကို ၈ နဲ့မြှောက်ရင် ရွေး ရပါမယ် (1.7349397590361445783132530120482-1) x 8 =5.8795180722891566265060240963855 ကျန်လို့ ၅ ရွေးပါ... အဲ့ဒိမှာ အနောက် ကဒသမကိန်းက ပွိုင့် ၇ ထက်ကျော်ရင် ၁ရွေးလို့ ရှေ့တိုးယူရပါတယ်.. ၃ ထက်ကျော်ရင် ၁ ခြမ်းပါ... ၃ အောက်ဆိုရင် ထည့်မတွက်ပါဝူး...
ရလာတဲ့ အဖြေကတော့ ၁ ကျပ် ၁ ပဲ ၆ ရွေးပေါ့....ရွှေသမားတွေက ဒီလို ရေးလေ့ရှိပါတယ်.. ၁ိ-၁ဲ-၆ွး
ရှုပ်သွားရင် တခေါက်လောက်ပြန်ဖတ်ပြီး လက်တွေ့ချတွက်ကြည့်ပါ...

ခင်မင်လေးစားလျက်